Why No Success in Learning Shan Literature and Script

ရှမ်းစာပေသင်ကြားရေး ကြိုးပမ်းမှု ဘာကြောင့် မအောင်မြင်ခဲ့သလဲ (အပိုင်း – ၂)
Shan Script

၁၉၆၂ ခုနှစ်၊ မတ် ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း ရှမ်းပြည်နယ် အစိုးရအား အဖွဲ့ဝင် ၅ ဦးပါသော ရှမ်းဦးစီးအဖွဲ့ဖြင့် အစားထိုးခဲ့သည်။ တော်လှန်ရေးကောင်စီခေတ် (၁၉၆၂-၇၄) ရှမ်းဦးစီး အဖွဲ့ဝင်များမှာ ဥက္ကဋ္ဌအဖြစ် ဦးထွန်းအေး၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်ဇော၊ ဦးအုန်းဖေ၊ ဦးတင်ကိုကို၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးကြီးမောင်ရွှေတို့ ဖြစ်သည်။ ဦးစီးအဖွဲ့၏ ပထမဆုံး အစည်းအဝေးကို ၁၉၆၂ ခုနှစ်၊ မတ် ၆ ရက်နေ့တွင် ကျင်းပပြီး ယခင် ရှမ်းပြည်နယ် အစိုးရ လက်ထက်က မပြီးပြတ်ခဲ့သော ရှမ်းစာသင်ကြားရေး ကိစ္စကို ဆွေးနွေး၍ ရှမ်းအများစု နေထိုင်ရာ ဒေသများရှိ ကျောင်းများ၌ ရှမ်းစာကို စိတ်ကြိုက် ဘာသာရပ်အဖြစ် ပြဋ္ဌာန်းရန် ဆုံးဖြတ်ခဲ့သည်။ ဤဆုံး ဖြတ်ချက်ကို ၁၉၆၃-၆၄ ပညာသင်နှစ်မှ စတင်၍ အကောင် အထည်ဖော်ရန် ပညာရေးဌာနသို့ ညွှန်ကြားစာပို့သည်။ ရှမ်းဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် ပညာရေးဌာန အနေဖြင့် ရှမ်းစာမူသစ်နှင့် မူဟောင်း ၂ ခု အနက် မည်သည့်စာဖြင့် သင်ကြားရမည်ကို ဦးစီးအဖွဲ့ ထံပြန်၍ အစီရင်ခံသည်။ မူဟောင်းနှင့် သင်ကြားပါက သင်ရိုး စာအုပ်များ ရရှိရေးအတွက် ပြင်ဆင်ရမည် ဖြစ်ကြောင်းကိုလည်း တင်ပြသည်။ အထက်ပါ ရှမ်းဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်သည် ရှမ်းစာမူကွဲ ၂ ခုဖြစ်သည့် မူဟောင်းနှင့် ကျားခေါင်းစာခေါ် မူသစ်တို့ အကြား အငြင်းပွားစရာ စတင်ဖြစ်ပေါ်လာသည့် အကြောင်းရင်း ဖြစ်သည်။ စော်ဘွားများ လက်ထက်က တီထွင်ခဲ့၍ ၁၉၅၅ ခုနှစ်၊ ဇွန် ၃ ရက်နေ့တွင် တရားဝင် ရှမ်းစာအဖြစ် အသိအမှတ်ပြုခဲ့သော ကျားခေါင်းစာကို ရှမ်းဦးစီးက လက်မခံနိုင်။ ထို့ကြောင့် ၁၉၆၆ ဧပြီ ၂၁ ရက်နေ့တွင် ရှမ်းဦးစီးအဖွဲ့က ရှမ်းစားသစ်သည် တတ်ကျွမ်းသူ မရှိသောကြောင့် ရှမ်းဦးစီးအဖွဲ့က ရှမ်းစာမူသစ်ကို ပယ်ဖျက်သည်၊ ရှမ်းစာမူဟောင်းကို ရုံးသုံးစာ အဖြစ် အသိအမှတ် ပြုသည်ဟု ကြေညာချက် ထုတ်ပြန်သည်။ ရှမ်းစာမူသစ်ကို လက်မခံနိုင်သည့် အကြောင်းရင်းမှာ ရှမ်းဦးစီး အဖွဲ့ဝင်များသည် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ခဲ့သူများ ဖြစ်သဖြင့် စော်ဘွားများ အတည်ပြုခဲ့သော ရှမ်းစာမူသစ်ကို လမ်မခံနိုင်ခြင်း ဖြစ်သည်။ ရှမ်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ကျားခေါင်းစာ (ရှမ်းစာမူသစ်) သည် ပဒေသရာဇ် စော်ဘွားများ လက်ထက်က တည်ထွင်ခဲ့သောစာ ဖြစ်ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်သည် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သဖြင့် ရှမ်းစာမူသစ်ကို အသုံးပြုခြင်းမှ ပိတ်ပင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ရှမ်းစာ မူသစ်နှင့် မူဟောင်း ပြဿနာကြောင့် ရှမ်းပြည်နယ် ကျောင်းများ၌ ရှမ်းစာ မသင်ရသော်လည်း တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက် (၁၉၆၂-၇၄) တွင် မြန်မာနိုင်ငံ စာမတတ်သူ ပပျောက်ရေး စီမံကိန်းအရ တက္ကသိုလ် ကျောင်းသားများ ဦးစီး၍ နွေကျောင်းပိတ်ရက်များအတွင်း မြန်မာနိုင်ငံ ကျေးလက်ဒေသများ သို့သွားရောက်၍ “အ” ၃ လုံး သင်တန်းများ ပို့ချခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်များရှိ ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရှမ်း ကျောင်းသားများကလည်း နွေရာသီ ကျောင်းပိတ်ရက်များတွင် ရှမ်းကျေးလက် တောရွာဒေသများသို့ သွားရောက်ကာ “မ” ၅ လုံး သင်တန်းများ ဖွင့်၍ ရှမ်းစာကို သင်ကြားပေးသည်။ ကျားခေါင်းစာခေါ် ရှမ်းစာမူသစ်ဖြင့် သင်သည်။ ရှမ်းစာမူသစ်ကို လက်မခံနိုင်သော ရှမ်းဦးစီးအဖွဲ့က ရှမ်းပြည်နယ် ကျောင်းများတွင် ရှမ်းစာမူဟောင်းကို ပြဋ္ဌာန်းစာ အဖြစ်သင်ကြားရန် စီစဉ်နေစဉ် ရန်ကုန်၊ မန္တလေး တက္ကသိုလ်များနှင့် တောင်ကြီးကောလိပ်တို့မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ကိုယ်စားလှယ် ရှမ်းကျောင်းသားများသည် ရှမ်းဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး ရှမ်းစာမူသစ် (ကျားခေါင်းစာ) ဖြင့် သင်ကြားခွင့် ပြုရန် တောင်းဆိုကြသည်။ ၎င်းတို့သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီနှင့်ပါ တွေ့ဆုံ၍ ရှမ်းပြည်နယ်၌ ရှမ်းစာမူသစ်ဖြင့် သင်ကြားခွင့်ရရန် တင်ပြခဲ့သည်။ ထို့ကြောင့် ရှမ်းဦးစီးအဖွဲ့သည် ၁၉၆၉ ခုနှစ် ဇန်န၀ါရီ ၁၃ မှ ၁၅ ရက်နေ့ အထိ တောင်ကြီးမြို့၌ ရှမ်းစာပေ ညီလာခံကြီး တခုကို ကျင်းပခဲ့ပြီး ထိုညီလာခံသို့ ရှမ်းပြည်မြို့နယ် အသီးသီးမှ ရှမ်းစာပေ ပညာရှင် ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်မှ ရှမ်းကိုယ်စားလှယ်များ၊ တက္ကသိုလ် ကောလိပ်များမှ ရှမ်းကျောင်းသား ကိုယ်စားလှယ်များ၊ ရှမ်းသံဃာ အစည်းအရုံးမှ သံဃာ့ကိုယ်စားလှယ်များ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ စာပေညီလာခံ အဖွင့်မိန့်ခွန်းတွင် ရှမ်းဦးစီးအဖွဲ့ဝင် တဦးလည်းဖြစ်သော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက တိုင်းရင်းသား လူမျိုးစုများ အပေါ်ထားရှိသော တော်လှန်ရေးကောင်စီ၏ သဘောထားကို ပြောဆိုခဲ့သည်။ ယင်းပြောဆိုချက်တွင် တိုင်းရင်းသား အားလုံး၏ ချစ်ကြည်ရင်းနှီးမှု မထိခိုက်စေရန်၊ အစိုးရကလည်း တိုင်းရင်းသားစာပေကို သက်ဆိုင်ရာ ဒေသများ၌ မူလတန်း အထိ သင်ကြားခွင့် ပြုပါကြောင်း ပါဝင်သည်။ သို့သော် ရှမ်းပြည်နယ်ရှိ ရှမ်းကျောင်းသား အတွက် ရှမ်းစာ သင်ကြားနိုင်ရန်မှာ ရှမ်းစာမူဟောင်းနှင့် မူသစ် (ကျားခေါင်းစာ) အငြင်းပွားမှု အပေါ်၌ မူတည်လျက် ရှိသည်။ အဆိုပါ ပြဿနာအား ပြေလည်စေရန် ညီလာခံသို့ တက်ရောက်လာကြသော ရှမ်းသံဃာ့ ကိုယ်စားလှယ်များက ရှမ်းစာ မူဟောင်းနှင့် မူသစ် ၂ မျိုးအနက် မည်သည့် စာကိုမျှ မပယ်ဖျက်ဘဲ ၂ မျိုးစလုံးကို လက်ခံရန် တောင်းဆိုခဲ့သည်။ ၎င်းတို့ တင်ပြသည်မှာ မြန်မာပြည်မ ဘုန်းတော်ကြီး ကျောင်းများတွင် မြန်မာသင်ပုန်းကြီးစာကို ဘုန်းတော်ကြီးကျောင်း သင်ရိုးစာအဖြစ် သင်ပြီး အစိုးရကျောင်းများ၌ ခေတ်သစ် မြန်မာစာကို သင်ရိုးအဖြစ် သင်ကြောင်း၊ ဤစာပေ ၂ ခု၌ မည်သည့် ပြဿနာမှ မပေါ်ပေါက်ခဲ့ကြောင်း တင်ပြခဲ့သည်။ ရှမ်းဦးစီးအဖွဲ့ ဥက္ကဋ္ဌက ညီလာခံ လာတက်ကြသော ကိုယ်စားလှယ်တော်ကြီးများသည် ရှမ်းစာမူဟောင်းကို လက်ခံပါက ၎င်းစာကို ကျောင်းများ၌ ပြဋ္ဌာန်းရန်၊ အစိုးရရုံးများနှင့် ဆက်ဆံရာတွင်လည်း အသုံးပြုခွင့်နှင့် တရားဝင်စာ အဖြစ် အသိအမှတ် ပြုရန် အမိန့်ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် တက္ကသိုလ်များမှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များက ရှမ်းဦးစီးဥက္ကဋ္ဌ၏ တင်ပြချက်ကို ပယ်ချပြီး ရှမ်းစာမူသစ် (ကျားခေါင်းစာ) ကို ပယ်ဖျက်သည့် အမိန့်ကို ပြန်လည် ရုပ်သိမ်းရန်နှင့် ၎င်းစာကို ကျောင်းသုံးစာ အဖြစ် ပြဋ္ဌာန်းပေးရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့က ရှမ်းစာမူသစ် ဖျက်သိမ်းသည့် အမိန့်ကို မရုပ်သိမ်းပါက ဆက်လက် မဆွေးနွေးနှိုင်ဟု ဆိုပြီး ညီလာခံကို သပိတ်မှောက်ခဲ့ကြသဖြင့် ရှမ်းစာပေ ညီလာခံကြီးမှာ မည်သည့် ဆုံးဖြတ်ချက်မှ မချမှတ်နှိုင်ဘဲ ရပ်ဆိုင်းခဲ့ရသည်။ ရှမ်းတိုင်းရင်းသားများ ၎င်းတို့၏ စာပေသင်ကြားခွင့် ရရှိရေးမှာလည်း ဆုံးရှုံးခဲ့ရပါသည်။ ရှမ်းစာမူသစ် (ကျားခေါင်းစာ) ကို လက်မခံသော ရှမ်းဦးစီးအဖွဲ့က ထပ်မံ၍ ရှမ်းစာမူသစ်တခုကို ပြုစုရန် ရှမ်းစာ ကော်မတီကို ဖွဲ့စည်းလိုက်သည်။ ဤကော်မတီမှ ပြုစုလိုက်သော ရှမ်းစာကို “ဦးစီးစာ” ဟုခေါ်၍ ဗျည်း ၁၉ လုံး၊ အရံဗျည်း ၄လုံး၊ သရ ၁၂ လုံး၊ အသံသင်္ကေတ ၆ ခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းရှမ်းစာဖြင့် ကျောင်းများတွင် သင်ကြားရန် ဆုံးဖြတ်၍ ရှမ်းစာ သင်ကြားနိုင်မည့် ကျောင်းအရေအတွက်၊ ကျောင်းသား ဦးရေနှင့် ဆရာ အရေအတွက် တို့ကို တင်ပြရန် ပညာရေးဌာနအား ညွှန်ကြားခဲ့သည်။ ရှမ်းဦးစီး အဖွဲ့က ရှမ်းစာ သင်ကြားရေး အတွက် စီစဉ်နေစဉ် ၁၉၇၄ တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရရှိ လာပြီး၊ ရှမ်းဦးစီးအဖွဲ့အား ရှမ်းပြည်နယ် ပြည်သူ့ကောင်စီဖြင့် အစားထိုးဖွဲ့စည်းခဲ့သည်။ အဆိုပါကောင်စီအဖွဲ့ ကလည်း ရှမ်းစာကိစ္စနှင့် ပတ်သက်ပြီး ၁၉၇၆ တွင် ကော်မတီတခုကို ဖွဲ့စီး၍ ရှမ်းစာမူသစ်များမှ အများလက်ခံနိုင်သော မူတခု ရွေးရန်၊ ရှမ်းစာရေးထုံးကို တိတိကျကျသတ်မှတ်ရန်၊ ၁၉၇၇၊ ဖေဖော်ဝါရီလကို နောက်ဆုံးထား၍ ရှမ်းစာမူသစ် တခုကို ပြီးစီးအောင် ပြုစုရန်နှင့် ပြည်သူ့ကောင်စီ သို့တင်ပြရန် ဆောင်ရွက်စေသည်။ ကော်မတီမှ တင်ပြသော ရှမ်းစာမူအား ရှမ်းပြည်နယ် ပြည်သူ့ကောင်စီက ဧပြီ ၁၉၇၇ ခုနှစ်တွင် ကျောင်းများ၌ သင်ကြားရန် အတည်ပြုသည်။ ပြည်သူ့ကောင်စီသည် ရှမ်းစာ ကော်မရှင်ကိုလည်း ၁၉၈၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မရှင်က ရှမ်းပြည် ပြည်သူ့ကောင်စီ လက်ခံအတည်ပြုထားသော ရှမ်းစာကို လူထုအတွင်းဖြန့်ရန်၊ ၁၉၈၀-၈၁ စာသင်နှစ်အတွက် ရှမ်းစာသင်ရိုး စာအုပ်များ ပုံနှိပ်ရန်၊ လက်ကမ်းစာစောင်များ၊ ဂျာနယ်များကို ပုံနှိပ်ထုတ်ဝေရန်တို့ကို တာဝန်ယူဆောင်ရွက်သည်။ ကျောင်းများတွင် ရှမ်းစာသင်ကြားနိုင်ရန် ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးသည် ပဓာန ကျသောကိစ္စ ဖြစ်လာသည်။ ရှမ်းပြည်နယ် ပြည်သူ့ကောင်စီက အတည်ပြုလိုက်သော ရှမ်းစာဖြင့် ကျောင်းများတွင် ပြဋ္ဌာန်းရန် ၁၉၈၅ ခုနှစ်၊ ဇူလိုင် ၁၈ တွင် အမိန့် စာထုတ်ပြန်သည်။ သို့သော် ထိုအတည်ပြုလိုက်သော စာဖြင့် သင်ကြားရန် ရှမ်းစာဆရာများအား သင်တန်းပို့ချရန် လိုအပ်သဖြင့် ပညာရေး ဌာနက ၁၉၈၅ ခုနှစ်တွင် ရှမ်းစာဆရာများအတွက် အချိန်တို မွမ်းမံသင်တန်းကို၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံမြို့များ၌ ဖွင့်လှစ်ခဲ့ပြီး ရှမ်းစာသင်ဆရာ တောင်ကြီး၌ ၄၄ ဦး၊ ကျိုင်းတုံ ၂၂ ဦး၊ လားရှိုး ၅၀ ဦး စုစုပေါင်း ၁၁၆ ဦး တို့ တက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၅၀ မှ စတင်ခဲ့သော ရှမ်းပြည်နယ်ကျောင်းများတွင် ရှမ်းစာသင်ကြားရေး စီမံကိန်းမှာ ၁၉၈၅ ခုနှစ် အထိ အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ ရှမ်းစာကို အဓိကထား သင်ကြားသော ရှမ်းပြည်နယ်၏ ပညာရေးစနစ်သည် ရှေးယခင်ကပင် ဘုန်းတော်ကြီးကျောင်း ပညာရေး ဖြစ်ပါသည်။ ဤစနစ်သည် အင်္ဂလိပ်တို့ ရှမ်းပြည်နယ်ကို သိမ်းပိုက်ပြီးသော ၁၈၈၆ မှ ၁၉၂၂ ခုနှစ် အထိ တည်ရှိခဲ့ပြီး၊ ၁၉၂၂ ခုနှစ်တွင် ပဒေသရာဇ် ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းသော အခါမှသာလျှင် ရှမ်းပြည်နယ်၌ အစိုးရ ကျောင်းများကို ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ကျောင်းများ၌ ရှမ်းစာ သင်ကြားရေးကိစ္စမှာ ပဒေသရာဇ် ရှမ်းပြည်နယ်ကောင်စီ၏ တာဝန် ဖြစ်လာပါသည်။ သို့သော် ပဒေသရာဇ်ကောင်စီ၌ ပါဝင်သော ရှမ်းစော်ဘွား အများစုက ရှမ်းစာသည် ဗျည်းအက္ခရာ မပြည့်စုံ၍ တိကျခြင်း မရှိ၊ ဖတ်မှု နားလည်ရန် ခက်သည်ဟု ဆိုပြီး ၁၉၄၀ ခုနှစ်တွင် ရှမ်းစာမူသစ်ကို တီထွင်ပြန်သည်။ ဤစာကို လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှသာလျှင် ရှမ်းပြည်နယ် အစိုးရက ကျောင်းများတွင် သင်ကြားရန် ဆုံးဖြတ်ခဲ့ သည်။ ထို့ကြောင့် ကျောင်းများ၌ ရှမ်းစာသင်ကြားရေး ကိစ္စသည် ပထမဦးစွာ ပဒေသရာဇ် ရှမ်းကောင်စီ၏ တာဝန် ဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေး ရပြီးနောက် အုပ်ချုပ်ရေး အာဏာ ရရှိလာသော ရှမ်းပြည်နယ်အစိုးရ (၁၉၄၈-၁၉၆၂) သည် ဒုတိယ တာဝန်ရှိလာပါသည်။ ၎င်းအစိုးရက ရှမ်းစာသင်ကြားရေးကို ဆုံးဖြတ်၍ အမိန့်ထုတ်ပြန်ခဲ့ သော်လည်း ၁၉၆၀ ခုနှစ် အထိ ကျောင်းသုံး စာအုပ်နှင့် ရှမ်းစာသင်ဆရာများ ပြည်စုံစွာရရှိရေး မဆောင်ရွက်နိုင်ခဲ့ပေ။ တော်လှန်ရေး ကောင်စီအစိုးရ တက်လာပြီးနောက် ရှမ်းဦးစီးအဖွဲ့က ရှမ်းစာမူဟောင်းကို ကျောင်းများ၌ ပြဋ္ဌာန်းရန် ဆောင်ရွက်သည်ကိုလည်း တက္ကသိုလ်များ ရှမ်းစာပေ ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သဖြင့် ရှမ်းစာ မူဟောင်းနှင့် မူသစ် အငြင်းပွားမှု ပြဿနာမှာ မဖြေရှင်းနိုင်ခဲ့ပေ။ ရှမ်းစာ မူသစ် (ကျားခေါင်းစာ) ကို လက်မခံ နိုင်သော ရှမ်းဦးစီးသည် ရှမ်းစာ မူသစ်တခုကို ထပ်မံပြုစု၏။ ၎င်းကို ရှမ်းဦးစီးစာ ဟုခေါ်သည်။ တက္ကသိုလ်များမှ ရှမ်းကျောင်းသား ကိုယ်စားလှယ်များ ကလည်း မူသစ်များကို ထပ်မံ၍ ပြုစုကြပြီး ရှမ်းစာသီပေါမူ၊ ဒေသတကာသုံး ရှမ်းစာ ဟူ၍ ထွက်ပေါ်လာ၏။ ရှမ်းစာ မူဟောင်းနှင့် မူသစ်များကို နှိုင်းယှဉ်ပါက ရှမ်းဦးစီးစာနှင့် ဒေသတကာသုံး ရှမ်းစာမှလွဲ၍ ရှမ်းစာမူဟောင်း၊ ရှမ်းစာမူသစ် (ကျားခေါင်းစာ) နှင့် သီပေါရှမ်းစာ မူသစ်တို့မှာ ခြားနားမှု အနည်းငယ်သာ ရှိ၍ ရှမ်းစာ မူသစ်တွင် ဗျည်းသရနှင့် အသံသင်္ကေတ တို့ကိုပို အသုံးပြုလာသည်ကို တွေ့ရပါသည်။ ရေးထုံးမှာ ခြားနားမှု မရှိပါ။ ရှမ်းစာ မူဟောင်းနှင့် မူသစ် အငြင်းပွားမှုတွင် ရှမ်းဦးစီးက ရှမ်းစာ မူသစ်သည် ပဒေသရာဇ် လက်ထက်က ပြုစုခဲ့သော ရှမ်းစာ ဖြစ်သည့်အတွက် နိုင်ငံရေးအရ လက်မခံနိုင်ခြင်း ဖြစ်သည်။ ဦးစီးအဖွဲ့ဝင်များ ကိုယ်တိုင် ရှမ်းပဒေသရာဇ်ကို ဆန့်ကျင်ခဲ့သော နိုင်ငံရေး ပါတီများမှ ဖြစ်နေခြင်း၊ အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီသည် ပဒေသရာဇ်နှင့် အရင်းရှင်စနစ်ကို ဆန့်ကျင်ကာ ဆိုရှယ်လစ်လမ်းစဉ်သို့ ဦးတည်သည့် အစိုးရဖြစ်ခြင်း တို့ကြောင့် ပဒေသရာဇ်တို့၏ ဆောင်ရွက်ချက်များကို လက်မခံနိုင်ခြင်း ဖြစ်သည်။ ရှမ်းစာ မူဟောင်းကို လက်မခံနိုင်သော ခေတ်ပညာတတ် ရှမ်းများက ရှမ်းစာ မူဟောင်းသည် အက္ခရာအသံ သင်္ကေတများ မပြည့်စုံ၊ ထို့ကြောင့် စာလုံးတလုံးတွင် အသံထွက် အမျိုးမျိုးထွက်နိုင် သကဲ့သို့ အဓိပ္ပာယ်လည်း အမျိုးမျိုး ကောက်ယူနိုင်သည်။ ထိုသို့ တိကျမှု မရှိ၊ သိပ္ပံနည်း မကျသော ရှမ်းစာကို ကျောင်းများတွင် သင်ကြားရန် လက်မခံနိုင်ဟု ဆို၍ အပြင်းအထန်ကန့်ကွက်ကြပါသည်။ ရှမ်းစာမူသစ်ကို ကျောင်းများတွင် သင်ခွင့် မရသော်လည်း နွေရာသီ ကျောင်းပိတ်ရက်များ၌ တက္ကသိုလ်များမှ ရှမ်း ကျောင်းသားများ ဦးစီးပြီး နှစ်စဉ် ရှမ်းပြည် ကျေးလက်ဒေသများ၌ “မ” ၅ လုံး သင်တန်းများ ဖွင့်၍ ရှမ်းစာကို မူသစ်ဖြင့် တနှစ်လျှင် တလတာမျှ သင်ကြားပေးကြပါသည်။ နှစ်စဉ် ဤသို့ သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ရှမ်းလူငယ်အများစု ရှမ်းစာကို တတ်မြောက်လာကြ ပါသည်။ တချိန်တည်းမှာပင် ရှမ်းပုံနှိပ်တိုက် များပေါ်ပေါက်လာကာ ဝတ္ထု၊ ဆောင်းပါးများ၊ သီချင်းစာအုပ်များ၊ စာစောင်များ ထွက်ရှိလာပါသည်။ ဤသို့တိုးတက်ဖြစ်ပေါ်လာမှုသည် ရှေး ရှမ်းစာ ယဉ်ကျေးမှုဓလေ့ကို တဖြည်းဖြည်း မှေးမှိန် စေခဲ့ပါသည်။ (ဆက်လက်ဖော်ပြပါမည်) (စိုင်းခမ်းမိုင်းသည် ရန်ကုန် အခြေစိုက် သမိုင်းဆရာတဦး ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြအဖြစ် လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။ နိုင်ငံခြား တက္ကသိုလ် တချို့တွင်လည်း သုတေသီ ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။) Irrwaddy
Previous
Next Post »
0 Komentar