Showing posts with label Solidarity. Show all posts
Showing posts with label Solidarity. Show all posts

တို့ဗိုလ်ချုပ်ကို အမှန်တကယ် ဘယ်သူသတ်ခဲ့သလဲ (အပိုင်း ၂)

ဦးနေမင်းဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ဘီဘီစီသတင်းဌာနကို သတင်းပေးပို့လို့ စစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁၁မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ သတင်းသမားတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ရင်းနှီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စက်ရောင်က ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကို လုပ်ကြံဖို့ ဗမာပြည်ဆိုရှယ်လစ်ပါတီက ဇာတ်လမ်းဆင်ခဲ့တာလို့ အင်းစိန်ထောင်ထဲမှာ သူ့ကိုပြောခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမင်းက ပြောပါတယ်။
အောင်ဆန်းအက်တလီစာချုပ်အတွက် ဗိုလ်ချုပ်တို့ လန်ဒန်ကိုသွားတဲ့အချိန် လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့တောင်းဖို့ပြင်ဆင်ချိန်မှာ ဗမာပြည်ဆိုရှယ်လစ်ပါတီနဲ့ ပြည်သူ့ရဲဘော်အောက်ခြေပိုင်းတွေမှာ ကြိုတင်ပြင်ဆင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ လူငယ်စစ်ရေးခေါင်းဆောင်အဖြစ် စောရန်နောင် ပြည်သူ့ရဲဘော်ဘက်က ဗိုလ်စိန်မှန်ကို နာမည်တွေတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗြိတိသျှနဲ့စာချုပ်ချုပ်နိုင်ခဲ့လို့ အကြမ်းနည်းနဲ့ဖြေရှင်းတဲ့လမ်းကို မရောက်ခဲ့ပေမယ့် လုပ်ကြံမှုကြီးပြီးလို့ ဦးစောအိမ်မှာ ဖမ်းဆီးမိတဲ့လက်နက်တွေထဲ စောရန်နောင်ရဲ့သေနတ် ပါခဲ့ပါတယ်။ စောရန်နောင်ကို ပဲခူးမှာ ဆိုရှယ်လစ်တွေကဖမ်းဆီးမိခဲ့ပြီး ဆယ်မိုင်ကုန်းမှာထွက်ပြေးလို့ ပစ်သတ်လိုက်တဲ့ဆိုတဲ့စကား ဗိုလ်စက်ရောင်သံသရှိနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းရဲ့နောက်ကွယ်မှာ ဗြိတိသျှတွေရဲ့လက်ချက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဆုတ်လက်ကိုင် ဘယ်သူ့ကိုမှ မပြနိုင်ခဲ့ပေမယ့် အခုတော့ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဆိုရှယ်လစ်တွေဘယ်လိုပါလာတာလဲ။ သခင်ကြည်ရှိန်က စောရန်နောင်ရဲ့သေနတ်နံပါတ်ကိုပါ အတိအကျသိပြီး ဆိုရှယ်လစ်ပါတီက ပါတီနာမည်ပျက်နိုင်တာမို့ နှုတ်ပိတ်တာဖြစ်နိုင်တယ်လို့ သူ့ကိုပြောခဲ့တယ်လို့ ဦးနေမင်းက အခုတော့ ဖွင့်ချလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ယူဂန္ဓာနိုင်ငံအကျဉ်းထောင်မှာ ဗြိတိသျှတို့ရဲ့အကျဉ်းသားအဖြစ် ဖမ်းဆီးခံနေရတဲ့ နန်းရင်းဝန် ဦးစောဟာ မြန်မာပြည်မှာဖြစ်ပျက်ပြောင်းလဲနေတာတွေနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ လူငယ်ခေါင်းဆောင်မှု ပေါ်လာချိန်မှာတော့ ဗြိတိသျှဟာ သူ့ကိုအသုံးချဖို့ မြန်မာပြည်ပြန်ခေါ်လာခဲ့ပါတယ်။ ဘုရင်ခံအမှုဆောင်အဖွဲ့ထဲပါတဲ့ ဦးစောဟ ဆိုရှယ်လစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ရန်ကုန်ဘဆွေရဲ့ သေနတ်နဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် မျက်စိတစ်ဖက်ကွယ်ခဲ့ရပါတယ်။ ရန်ကုန်ဘဆွေဟာ ပြည်သူ့ရဲဘော်နဲ့ဦးစောကို ရန်တိုက်ပေးဖို့ ဘာ့ကြောင့်လုပ်ခဲ့တာလဲ။
၁၉၄၇ ဖေဖော်ဝါရီမှာ ပြည်ထဲရေးဝန်ကြီးတာဝန်ယူလိုက်တဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ်တွေကိုပဲ လက်နက်လိုင်စင်တွေထုတ်ပေးခဲ့တာကြောင့် ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်ကြား အကွဲအပြဲတွေ စခဲ့ပါတယ်။ လုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ ဦးစောကိုဖမ်းဆီးချိန်မှာ ဖော်ကောင်ဘညွန့်နဲ့ စောရန်နောင်တို့က လုပ်ကြံမှုအတွက် သွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဘညွန့်နဲ့စောရန်နောင်တို့ဟာ ဦးစောရဲ့တပည့်အရင်းတွေမဟုတ်ဘဲ ဦးကျော်ငြိမ်း ပြည်ထဲရေးဝန်ကြီးဖြစ်မှ ဦးစောနားကိုရောက်လာသူတွေပါ။ ဦးနေမင်းပြောတဲ့ ဦးစောရဲ့ဖွင့်ဟချက်တွေဟာ နောက်ကွယ်ကလက်သည်ကို တစ်စွန်းတစ်စတော့ မြင်တွေ့နေရပါပြီ။
လုပ်ကြံမှုကြီးမှုကြီးမှာ အစိုးရအဖွဲ့က သူ့အပေါ် ပူးပေါင်းလုပ်ကြံခဲ့တယ်ဆိုတဲ့ပုံမျိုး ဂဠုန်ဦးစော ထွက်ဆိုခဲ့ပါတယ်။ ဗြိတိသျှတွေ မြန်မာပြည်ပြန်ဝင်လာချိန် ကန္နီစာချုပ်အတွက် အိန္ဒိယမသွားခင်မှာကတည်း ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကထွက်ပြီး နိုင်ငံရေးလုပ်ချင်ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက သခင်ဗဟိန်းကို တပ်ကိုဦးစီးဖို့ စီစဉ်ခဲ့ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီက လက်မခံခဲ့ပါဘူး။ ဒါဟာ တပ်မတော်ကို ဗမာပြည်ကွန်မြူနစ်ပါတီလက်ထဲ ထိုးထည့်တဲ့ကြံစည်ချက်ကြောင့် ဆိုရှယ်လစ်တွေက ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ အဓိကအချက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဦးစောဟာ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တာမှန်ပေမယ့် ဒီလိုဖြစ်လာအောင် လှည့်ကွက်ထဲဝင်လာဖို့ ဖန်တီးသူ၊ တာဝန်အရှိဆုံးသူတွေကတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဆိုရှယ်လစ်တပ်မှူးကြီးတွေဖြစ်တဲ့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့မှာ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးဆိုတဲ့ ဗိုလ်နေဝင်းရဲ့အမာခံ ဆိုရှယ်လစ်တပ်မှူးတွေဟာ ဘယ်လိုလူစားတွေလဲ။ ဂျပန့်တော်လှန်ရေးအတွက် ဗိုလ်ချုပ်နဲ့ ဖီလာတိုက်ဖို့လုပ်ခဲ့သူ၊ ရဲဘော်သုံးကျိပ်ရဲ့သင်းကွဲ ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်ပြီး ပြင်ဆင်မှုတွေအကြောင်း ဒေါ်နှင်းမေက ပြန်ပြောပြပါတယ်။

Src: Kamayut Media




ဒို့ဗိုလ်ချူပ်အမှန်တကယ် ဘယ်သူသတ်ခဲ့သလဲ (၁)

ဗမာ့တပ်မတော်မှာအရာရှိအဖြစ် သင်တန်းပေးနေတဲ့ သူရဦးတင်ဦးဟာ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလက မေမြို့မှာတပ်တွေကို စစ်ဆေးခဲ့ချိန် မြန်မာ့လွတ်လပ်ရေးဖခင်ကြီးကို နောက်ဆုံးတွေ့မြင်ခဲ့ရပါတယ်။ ကာကီရောင် စစ်ဝတ်စုံခပ်ပွပွနဲ့ ဖော့ဦးထုပ်ဆောင်းထားပြီး ခပ်တည်တည်အနေအထားနဲ့ တပ်တွေကို စစ်ဆေးခဲ့ချိန်မှာတော့ ဗိုလ်ချုပ်နဲ့အတူ ဗိုလ်ချုပ်ကတော ဒေါ်ခင်ကြည်လည်း ပါဝင်ခဲ့ပါတယ်။
General Aung San
တစ်နိုင်ငံလုံးက ဒီကနေ့အချိန်ထိ ဗိုလ်ချုပ်လို့ မြတ်မြတ်နိုးနိုးခေါ်ဝေါ်နေတဲ့ လွတ်လပ်ရေးဗိသုကာကြီးဟာ ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက်မှာ မသမာသူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ပါတယ်။ အဲဒီနေ့က မေမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ သူရဦးတင်ဦးဟာ ညနေ ၃နာရီလောက်မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အကြောင်းကို သတင်းကြားရပါတော့တယ်။
ဗမာ့တပ်မတော်သားတွေဟာ ဗိုလ်ချုပ်ကို ဗြိတိသျှတွေသတ်တာဆိုပြီး ဆူဆူပူပူလုပ်ခဲ့ပေမယ့် ဦးစောနဲ့အပေါင်းအပါတွေကို ဖမ်းဆီးမိသွားချိန်မှာတော့ တပ်တွေငြိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်သားတွေဟာ အဲဒီနေ့က ယူကြုံးမရစိတ်နဲ့ ပေါက်ကွဲခဲ့ကြပါတယ်။
မြန်မာ့လွတ်လပ်ရေးမရခင် ၅ရက်အလို ၁၉၄၇ ဒီဇင်ဘာ ၃ဝရက်နေ့မှာတော့ ဦးအောင်ဆန်းအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို လုပ်ကြံမှု၊ ပူးပေါင်းကြံစည်မှုတွေကြောင့် ဦးစောနဲ့အတူ ကြံစည်သူ သုခ၊ မောင်နီ၊ မှုန်ကြီး၊ ခင်မောင်ရင်တို့အပြင် ကာယကံမြောက်သတ်ဖြတ်ခဲ့သူ မောင်စိုး၊ သက်နှင်း၊ မောင်စိန်နဲ့ ရန်ကြီးအောင်တို့ကို သေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။ သုခ၊ မောင်နီနဲ့ ခင်မောင်ရင်တို့ကို တစ်သက်တစ်ကျွန်းထောင်ဒဏ် ပြောင်းခဲ့ပေမယ့် ကျန်တဲ့သူတွေကိုတော့ ၁၉၄၈ မေလ ၈ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းနဲ့အတူ အစိုးရဝန်ကြီးတွေ လုပ်ကြံခံရလို့ ကျဆုံးခဲ့တာ ၆၈နှစ်တင်းတင်း ပြည့်ခဲ့ပေမယ့် ဂဠုန်ဦးစောနဲ့တပည့်တွေ ဘာ့ကြောင့်လုပ်ကြံမှုကို ကျုးလွန်ရသလဲဆိုတာ ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့ကြပါဘူး။ လုပ်ကြံမှုကြီးကို ကြံစည်ဖို့နဲ့ကျူးလွန်ဖို့ ဦးစောကို ဘယ်သူတွေက ကြိုးကိုင်ခဲ့သလဲ။ ဦးစောနောက်ကွယ်မှာ ဘယ်သူတွေရှိခဲ့သလဲ။
ဗိုလ်ချုပ်တို့လုပ်ကြံခံရချိန်မှာ အလံနီကွန်မြူနစ်ပါတီဟာ မတရားအသင်းအဖြစ် ကြေညာခံထားရပြီး ခေါင်းဆောင် သခင်စိုးဟာ မြေအောက်ကိုလျှိုးနေရတဲ့အချိန်ဖြစ်ပါတယ်။ ရေဒီယိုကတစ်ဆင့် ဗိုလ်ချုပ်တို့လုပ်ကြံခံရကြောင်း သတင်းကို သခင်စိုးကြားရချိန်မှာတော့ မိုက်လိုက်လေကွာ၊ တို့မစည်းလုံးခဲ့လို့ ခုလိုဖြစ်ရတာပါလို့ အဲဒီနေ့က အကြောင်းအရာတွေကို ဇနီးဖြစ်သူ ဒေါ်နှင်းမေက ပြန်ပြောင်းပြောပြပါတယ်။
ဗိုလ်ချုပ်ကို ဘယ်သူတွေလုပ်ကြံတာလဲလို့ သခင်စိုးကို မေးချိန်မှာတော့ ဆိုရှယ်လစ်တွေ ဗိုလ်ချုပ်ကိုသတ်လိုက်တာဆိုပြီး ဒေါသတွေထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ဂဠုန်ဦးစောနဲ့တပည့်တွေကို ဖမ်းဆီးမိချိန်မှာ ဒီလုပ်ကြံမှုဟာ ဗြိတိသျှတွေကျူးလွန်တာလို့ ဆိုပါတယ်။ သခင်စိုးက ဘာလို့ ဆိုရှယ်လစ်တွေကို ချက်ချင်းလက်ညှိုးထိုးခဲ့တာလဲ။
ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေဆိုတာထက် ဂဠုန်ဦးစောဟာ အာဏာမက်တာကြောင့် ဦးအောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်တွေကို လုပ်ကြံခဲ့တာပါလို့ သူရဦးတင်ဦးက ဆိုပါတယ်။ မြန်မာပြည် ကိုလိုနီခေတ်က နန်းရင်းဝန်ဖြစ်ခဲ့တဲ့ အမျိုးသားရေးဝါဒီ ဦးစောဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာပြည်ပြန်ရောက်လာချိန် တစ်ချိန်က သူသိခဲ့ဖူးတဲ့ ကောလိပ်ကျောင်းသား၊ သခင်ပေါက်စ ကိုအောင်ဆန်းတစ်ယောက် အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ပေါ်ထွက်လာခဲ့တာကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။
စစ်ပြီးစမြန်မာပြည်နိုင်ငံရေးလမ်းကြောင်းသစ်ပေါ်မှာ ဦးစောဟာ သခင်ထွန်းအုပ်၊ ဒေါက်တာဘမော်တို့နဲ့လက်တွဲပြီး ဦးအောင်ဆန်း ဆန့်ကျင်ရေးဂိုဏ်းသားတွေအဖြစ် သမိုင်းရဲ့ကျီစယ်ခြင်းကိုခံလိုက်ရပါတယ်။


ဒီမိုကရေစီစနစ်တွင် ပြည်သူကတင်မြှောက်ခြင်းမရှိသည့်အမတ်များ ပါဝင်လေ့မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်၊ ဇူလိုင် ၁။       ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလုထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိသော အမတ်များ လွှတ်တော်တွင် ပါဝင်လေ့မရှိဟု တပ်မတော်သား လွှတ်တော်အမတ်များကို ရည်ညွှန်းကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင် ၂၅ရာခိုင်နှုန်းနေရာယူထားသော တပ်မတော် သားအမတ်တို့ နုတ်ထွက်ရေး တ.က.သ ကျောင်းသားများ ဦးဆောင်ဆန္ဒပြမှုအပေါ် သတင်းထောက်များမေးမြန်းစဉ် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး။ အဲ့ဒီဟာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားပြီးသားပါ။ အမျိုးသားရင့်ကြား စေ့ရေးကိုဦးတည်ပြီးတော့ ဒါဟာတစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ညှိနှိုင်းပြီးတော့ လျော့သွားသင့်တဲ့ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်နှင့် တပ်မတော်သားလွှတ်တော်အမတ်များ နုတ်ထွက်ရန် တ.က.သ ကျောင်းသားများ ဦးဆာင်ပြီး ရန်ကုန်မြို့တွင် ဇွန် ၃၀က တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ကျောင်းသားများဆန္ဒပြမှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ဘာမဆို ဥပဒေဘောင်အတွင်းက လုပ်စေချင်တယ်။ ဒါပေမယ့် ဥပဒေတွေကလည်း တရားရမှာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားတဲ့ဥပဒေစိုးမိုးရေးကို ဆိုလိုတာပါ” ဟု မှတ်ချက်ပြုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ အလိုမရှိကြောင်း ဇွန် ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသည့် ကျောင်းသားများအနက် ဦးဆောင်သူ ငါးဦးကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ထားသည်။
Src: http://mizzimaburmese.com