ရန်ကုန်မြို့၏ပထမဦးဆုံး ဖိုင်ဘာအင်တာနက်လိုင်းများ စတင်အသုံးပြုနိုင်ပြီဖြစ်


ရန်ကုန်မြို့၏ ပထမဦးဆုံးဖိုင်ဘာဖန်ကြိုးမျှင်သုံးအင်တာနက် (Fibre To The X{FTTX}) လိုင်းများကို လှိုင်မြို့နယ်ရှိ ရွှေဟင်္သာကွန်ဒိုတွင် ဒီဇင်ဘာလ ၁၄ ရက်မှစတင်၍ အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း
ထိုအင်တာနက်ဝန်ဆောင်မှုအတွက် နည်းပညာပိုင်းပံ့ပိုးဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Digital Signature ကုမ္ပဏီဒါရိုက်တာဦးသူရိန်က ပြောကြားသည်။ “ရွှေဟင်္သာကွန်ဒိုမှာရှိတဲ့ အခန်း ၁၀ ခန်းလောက်က FTTX အင်တာနက်လိုင်းကို စတင်အသုံးပြုနေပါပြီ။ ရုပ်သံလိုင်းကိုတော့ အသုံးပြုလို့မရသေးဘူး။ အင်တာနက်လိုင်းနဲ့ VOIP (Voice Over Internet Protocol) ဖုန်းလိုင်းကိုတော့ သုံးလို့ရနေပါပြီ။ အခုတပ်ဆင်ထားတဲ့လိုင်းတွေကို ဇန်န၀ါရီလကုန်အထိ လစဉ်ကြေးအခမဲ့ပေးထားပါတယ်” ဟု ၎င်းကပြောသည်။ စတင်အသုံးပြုနိုင်ခဲ့သည့် အဆိုပါ အင်တာနက်လိုင်းများသည် အမြန်နှုန်းအားဖြင့် 1Mbps ရှိပြီး စတင်သုံးစွဲခါစတွင် လျင်မြန်သောအင်တာနက်အမြန်နှုန်းကို ရရှိခဲ့ကြောင်းသိရသည်။ “ကုမ္ပဏီအနေနဲ့ ဖိုက်ဘာအင်တာနက်လိုင်းတွေကို အရင်ဆုံးစတင်စမ်းသပ်ချပေးနေတာပါ။ စတာကတော့ အခြားသောကုမ္ပဏီများနဲ့အတူ ဇန်န၀ါရီလမှာစတင်မှာပါ။ ရတနာပုံတယ်လီပို့ကလည်း ဇန်န၀ါရီလထဲမှာ FTTX စနစ်ကို မိတ်ဆက်ကြေညာဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါအင်တာနက်စနစ်တွင် အင်တာနက်လိုင်း၊ ဖုန်းနှင့် ရုပ်မြင်သံကြားလိုင်းများပါဝင်သည့် Triple Play နှင့် အင်တာနက်လိုင်းနှင့် ဖုန်းသာပါဝင်သည့် Two Play ဟူ၍ နှစ်မျိုးသတ်မှတ်ရောင်းချမည်ဖြစ်ပြီး Triple Play မှာကနဦးတပ်ဆင်ခကျပ်ကိုးသိန်းနှင့် Two Play မှာ ကနဦးတပ်ဆင်ခ ကျပ်ခုနစ်သိန်းခွဲ ကျသင့်မည်ဖြစ်ကြောင်းဆိုသည်။ “လောလောဆယ်ကတော့ ရတနာပုံတယ်လီပို့ရဲ့ညွှန်ကြားချက်အတိုင်း သတ်မှတ်ကွန်ဒိုမှာပဲ ချထားပေးလို့ရသေးတယ်။ နောက်နောင်မှာဆားဗစ်ပေးတာ အဆင်ပြေလာရင်တော့ တယ်လီပို့ကိုခွင့်ပြုချက်တောင်းပြီး နီးစပ်ရာမြို့နယ်ထဲက သုံးစွဲသူတွေကိုပါ ရောင်းချပေးသွားမှာပါ” ဟု၎င်းကပြောသည်။

Src: MMInternetJournal
Previous
Next Post »
0 Komentar