ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဘာတွေလုပ်မှာလဲ

ချင်းအမျိုးသားရေးအတွက် ရှိနေဆဲ ချင်းနိုင်ငံရေးပါတီတွေရဲ့ လုပ်ဆောင်မှုနဲ့ မလုံလောက်တာကြောင့် ၁၉၉ဝပြည့် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူငယ်တွေပေါင်းပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLD ကို ဖွဲ့စည်းလိုက်ပါပြီ။ ချင်းအဖွဲ့ချုပ်က ဘာတွေလုပ်မှာလဲ။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့အတူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မယ်လို့ ပါတီအဖွဲ့ချုပ်ဥက္ကဌက ပြောပါတယ်။ ပါတီမှတ်ပုံတင်ရထားတာ လပိုင်းပဲရှိသေးပြီး ပါတီဝင်တစ်ထောင်ပြည့်အောင် စည်းရုံးနေဆဲကာလဖြစ်တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မသေချာသေးပေမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ်မှာရော ချင်းပြည်နယ်ပြင်ပမှာပါ ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ မြောက်ဒဂုံက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကို သြဂုတ် ၂၃မှာ မိတ်ဆက်လိုက်ပြီး ပါတီဥက္ကဌအဖြစ် ၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ငိုင်ဆာခ့်က တာဝန်ယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း ဆွေးနွေးပွဲမှာ အစိုးရဘက်က ဖယ်ဒရယ်ပြည်ထောင်စုကို မူအားဖြင့် သဘောတူလက်ခံခဲ့တာကို ကြိုဆိုပေမယ့် အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားတွေကြား ဘယ်လို ဖယ်ဒရယ်မျိုး တည်ဆောက်မှာလဲဆိုတာတော့ အကြိတ်အနယ်ဆွေးနွေးမှရမယ်လို့ ပါတီအတွင်းရေးမှူး ၂ ဆလိုင်း ဂျင်မီ ရီဇာဘွေးက ပြောပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကို ယူနစ် ၁ဝခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်နေတဲ့ ချင်းပြည်နယ်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စ အဓိကလုပ်ဆောင်သွားမှာဖြစ်ပြီး ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Src: Kamayut MEDIA
Previous
Next Post »
0 Komentar