ကိုပါကြီးအသတ်ခံရမှု အရပ်ဖက် သက်သေများကို ဆက်လက်စစ်ဆေး

Par Gyi
စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တရားရုံးမှာ   အရပ်ဖက်သက်သေတွေကို ဆက်လက် စစ်ဆေးပါတယ်။

“ဒီကနေ့ ရုံးချိန်းမှာတော့ အရပ်ဖက်သက်သေ ၄ ယောက်စစ်တယ်။ နှစ်ယောက် ကတော့ မြင်တဲ့သူပေါ့။ နောက်နှစ်ယောက်က ကြားတဲ့သူပေါ့။ ကျမတို့ အခု စစ်ပြီးသားပြီး နောက်ပတ် ရုံးချိန်းကိ ၁ ရက်နေ့ ချိန်းထားတယ်” လို့ ကိုပါကြီးဇနီး မသန္တာက ပြောပါတယ်။

ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး အစောင့်စစ်သည် ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်ဥပဒေတွေနဲ့ စစ်တရားရုံးကစစ်ဆေးပြီး တရားသေလွှတ် ပေးလိုက်ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး အရပ်ဖက်တရားရုံးမှာ ဆက်လက် စစ်ဆေးနေတာပါ။

စစ်ဖက်တရားရုံးက ပစ်မှုကျူးလွန်သူတွေကို တရားသေလွှတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လည်း ကိုပါကြီးရဲ့ဇနီး မသန္တာက နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င်  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဌာန ၂၁ ဌာနကို ကန့်ကွက်စာ တင်ထားပါတယ်။

“အဓိက တပ်မတော်စစ်ခုံရုံးက ကျမယောကျာ်းကို သတ်တဲ့ တပ်ကြပ်တယောက်နဲ့ တပ်သားတယော်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအရ တရားသေလွတ် လိုက်ပြီဆိုတဲ့ ပေါ်ကို ကျမက ကန့်ကွက်ထားတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တပ်မတော်သားကိုကာကွယ်ပြီး အရပ်သားကို မကာကွယ်ဘူးဆိုတဲ့အချက်။ နိုင်ငံသားတယောက်ကို ၂၀၀၈ ဖွဲ့စည်းပုံဟာ အကာအကွယ်မရှိဘူး။ ကျမအမျိုးသားကို မြို့လယ်ခေါင်မှာ ဖမ်းတယ်။ အဲဒီအချိန်မှာ စစ်အုပ်ချုပ်ရေးမကြေညာထားဘူး။ ဒါပေမယ့် ဥပေဒအတိုင်း စစ်ဆေးတာ။ ဥပဒေအတိုင် အပြစ်ပေးတာ၊ ဥပဒေအတိုင်း တရားစွဲတာ မလုပ်ဘဲနဲ့ ကျူးလွန်တဲ့ တပ်မတော်သားကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တယ်ဆိုတာ ဒါ ခွဲခြားမှု ဖြစ်နေတယ်။ ”

ကိုပါကြီသေဆုံးမှုနဲ့ ပတ်သက်ပြီး ဧပြီ ၁၀ ရက်၊ ၂၃ ရက်၊ ၃၀ ရက်၊  မေလ ၁၁ ရက်နဲ့ ဒီကနေ မေလ ၂၅ ရက်နေ့မှာ ကျိုက်မရော တရားရုံးမှာ ၅ ကြိမ်မြောက်စစ်ဆေးပြီးတာဖြစ်ပြီး လာမယ့် ဇွန်လ ၁ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ် တိုက်ပွဲ သတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ်  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
SRC: DVB Burmese

Previous
Next Post »
0 Komentar