မလေးရှားနယ်စပ်က ကျင်းတွေမှာ အလောင်းတရာကျော် မြှုပ်ထားဘွယ်ရှိ

လူသေအလောင်း တရာကျော်လောက်
မြှုပ်ထားဘွယ် ရှိတယ်လို့ ယူဆရ

ထိုင်းနိုင်ငံနဲ့ နယ်စပ် မလေးရှားနိုင်ငံဘက်ခြမ်း လူမှောင်ခို သမားတွေ စွန့်ခွာသွားတဲ့ စခန်းတွေနားက
မကြာသေးခင်က တွေ့ရှိခဲ့တဲ့ လူသေအလောင်း အများအပြား မြှုပ်နှံထားတဲ့ ကျင်းတွေမှာ အလောင်း တရာကျော်လောက် မြှုပ်နှံထားဘွယ် ရှိတယ်လို့ မလေးရှား ရဲတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ ပြောင်းလာသူတွေလို့ ယူဆရကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။
အဲဒီနေရာမှာ စခန်းတွေ ၅နှစ်ကြာလောက် ရှိနေခဲ့ပုံ ရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် အံ့သြ တုန်လှုပ်သွားခဲ့ရတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီး အာမက် ဇာဟစ် ဟာမီဒီ က ပြောပါတယ်။
လူမှောင်ခိုကူးမှုအတွက် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ စခန်း ၁၄ခု အပြင် နောက်ထပ် စခန်းငယ် ၃ခုကိုလည်း နယ်စပ်ဒေသမှာ ထုတ်ဖော်တွေ့ခဲ့တယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးကပြောပါတယ်။
အရင်က နိုင်ငံ ရွှေ့ပြောင်းဖို့ ထွက်ပြေးလာကြသူတွေကို မလေးရှားနိုင်ငံထဲ ခိုးမသွင်းခင် လူမှောင်ခိုတွေက ထိုင်း မလေးရှား နယ်စပ်က စခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။
ဒီစခန်းတွေမှာသူတို့ဟာ အစာရေစာ ပြတ်ပြီး ဒါမှမဟုတ်ရောဂါဆိုးတွေနဲ့ သေဆုံးကြရတာဖြစ်ပါတယ်။
အခုလ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ အလားတူ ကျင်းတွေကို ဖော်ထုတ် တွေ့ခဲ့ပါတယ်။
အခုလအတွင်း လှေစီး ရွှေ့ပြောင်း ဒုက္ခသည် ရာပေါင်းများစွာကို ကပ္ပလီ ပင်လယ်ပြင်ထဲကနေ ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် ထောင်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောနေဆဲလို့ ယူဆရပါတယ်။
မလေးရှားနဲအင်ဒိုနီးရှားတို့က အခုအခါ ဒုက္ခသည်လှေတွေကို ပင်လယ်ထဲ ပြန်မောင်း မထုတ်တော့ပဲ ကမ်းမှာ ယာယီ ခိုလှုံခွင့် ပေးမယ်လို့ ပြောပါတယ်။
Previous
Next Post »
0 Komentar